ပင်မစာမျက်နှာ / ရောင်ခြည်သစ်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်တဲ့ ကျား/မ ရေးရာ ခေါင်းဆောင်မှု အစီအစဉ်၊ ယာချောင်းကျေးရွာ

ရောင်ခြည်သစ်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်တဲ့ ကျား/မ ရေးရာ ခေါင်းဆောင်မှု အစီအစဉ်၊ ယာချောင်းကျေးရွာ

ရောင်ခြည်သစ်အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေသည့် ကျား/မရေးရာ ခေါင်းဆောင်မှု အစီအစဉ်ကို မြို့နယ် ၄ မြို့နယ်ရှိ ကျေးရွာ ၈ ရွာတွင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ယာချောင်းကျေးရွာလည်း ပါဝင်ပါသည်။ ဒီကျေးရွာမှာ စုစုပေါင်း လူဦးရေ(၅၀ဝ) ဝန်းကျင်သာရှိပြီး သင်တန်းအစီအစဉ်တွင် ယာချောင်းကျေးရွာမှ သင်တန်းသူ (၃) ဦး ပါဝင်ကြသည်။ သင်တန်းအစီအစဉ်ကို မော်ဂျူး(၃) ခုဖြင့်ပြုလုပ်ပြီး၊ မောင်ဂျူး(၁) နှင့် (၂) အပြီးတွင် သင်တန်းသူများသည် ၄င်းတို့ကျေးရွာတွင်းမှ ကျေးရွာသူ/သား (၇၀)ဦးအား သင်တန်းနှင့်ပတ်သက်တဲ့ အတွေ့အကြုံများနှင့် သင်တန်းကရရှိသည့် အချက်အလက်အချို့ကို ပြန်လည်မျှဝေနိုင်ခဲ့ကြပါတယ်။

မော်ဂျူး(၃)ပြီးသည့်အခါ ၄င်းတို့ရွာတွင် အဓိကသောက်သုံးနေတဲ့ ရေကန်များကို ခြံစည်းရိုးကာရန်အတွက် တင်ပြလာတာသဖြင့် ရောင်ခြည်သစ်မှ လိုအပ်သည့်ငွေကြေးတချို့ ပံ့ပိုးပေးခဲ့ပါတယ်။

ထိုဒေသတွင် နွေရာသီသည် ရေရှားသည့်ကာလဖြစ်ပါသည်။ ဒီနှစ်နွေမှာတော့ ရေကန်တွေကို စနစ်တကျ ခြံစည်းရိုးကာထားသည့်အတွက် ကျွဲ၊ နွားနဲ့ အခြားတိရိစ္ဆန်တွေမဝင်နိုင်တော့သောကြောင့် ရွာသူရွာသားတွေ အားလုံး သန့်ရှင်းတဲ့ရေကို အသုံးပြုနေနိုင်ပြီ ဖြစ်သည်။

သင်တန်းသူ မဖြူဖြူအေးက “ ရေကန် သုံးကန်လုံးက နှစ်တိုင်းလိုလို နွေရာသီရောက်ရင် ရေခမ်းတာတွေဖြစ်ပါတယ်။ ဒါ့အပြင် နွေရာသီဆိုရေရှားတဲ့အတွက်ကြောင့် ကျွဲ၊နွားတွေလည်း ဝင်ရောက်တာတွေ ရှိပါတယ်။ ဒီနှစ်မှာတော့ ကျမတို့ ရေကန်(၃)ခုစလုံးကို ခြံစည်းရိုးတွေ၊ ခြံတံခါးတွေ၊ လှေကားတွေ အသေအချာ လုပ်နိုင်တဲ့အတွက်ကြောင့် တိရိစ္ဆာန်တွေ မဝင်နိုင်သလို၊ ရေကို သန့်သန့်လေးသုံးနိုင်ကြပါတယ်။ ရေလည်း ချွေတာသလို ဖြစ်သွားပါတယ်။” ခြံစည်းရိုးကာရံခြင်းနှင့်ပတ်သက်ပြီး အကျိုးကျေးဇူးတွေကို ပြောပြခဲ့ပါတယ်။


Related News