ပင်မစာမျက်နှာ / ရောင်ခြည်သစ် ၁၀ နှစ်တာခရီးရောက်ပြီ

ရောင်ခြည်သစ် ၁၀ နှစ်တာခရီးရောက်ပြီ

ရောင်ခြည်သစ် ၁၀ နှစ်တာခရီးရောက်ပြီ (Home)

ရောင်ခြည်သစ်ရဲ့မိတ်ဆွေများအားလုံး အေးချမ်းပြီးပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေနော်။ ဒီနေ့ဟာဆိုရင် ရောင်ခြည်သစ်အဖွဲ့ရဲ့ ၁၀နှစ်တာခရီးပြည့်မြောက်တဲ့နေ့လေးဖြစ်ပါတယ်။ ၁၀နှစ်အတောအတွင်း နယ်ပယ်အသီးသီးမှာရှိကြတဲ့ ချစ်ခင်ရတဲ့မိတ်ဆွေများနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ခြင်းက ရောင်ခြည်သစ်ရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

၂၀ဝ၉ ခုနှစ်မှာ ဆရာမခင်လှကဦးဆောင်ပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာရှိတဲ့ လူငယ်မောင်မယ် အယောက်၂၀ တို့ကို ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့ အကြောင်းအရာများကို သင်တန်းအနေနဲ့ စတင်သင်ကြားပေးရာကနေ ရောင်ခြည်သစ်ဆိုတဲ့အဖွဲ့အစည်းကို အစပြုနိုင်ခဲ့တာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခဲ့တဲ့ လူငယ် မောင်မယ်တို့ဟာ မိမိတို့ရပ်ရွာဒေသရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအတွက် အခွင့်အလမ်းများရှာဖွေဖန်တီး လာနိုင်ခဲ့ကြသလို တစ်ချို့လူငယ်တွေဟာ ရောင်ခြည်သစ်အဖွဲ့အစည်းအထဲမှာ ကြီးမားတဲ့တာဝန်တွေကို ထမ်းရွက်နေကြပါတယ်။ အစကနဦးမှာ ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် အမျိုးသမီးများအတွက် ရည်ရွယ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာကနေ ၂၀၁၅ ခုနှစ်ကစပြီး မြန်မာတစ်နိုင်ငံလုံး ဖြန့်ကျက်ပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ရောင်ခြည်သစ်အဖွဲ့ရဲ့ အဓိကမျှော်မှန်းချက်ကတော့ “ငြိမ်းချမ်းသာယာဝပြောပြီး တရားမျှတမှုနှင့် ကျား ၊မရေးရာ တန်းတူညီမျှမှုရှိသည့် ဒီမိုကရက်တစ်လူ့ဘောင်ဖြစ်လာရမည်”ဆိုတဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။ ရောင်ခြည်သစ်အဖွဲ့အစည်းဟာ နိုင်ငံရေးနဲ့ ဘာသာရေးတို့ကိုအခြေမခံတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဖွဲ့ရဲ့မျှော်မှန်းချက်နဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ အမျိုးသမီးနဲ့လူငယ်တွေ တက်ကြွစွာ ပါဝင်ဆောင်ရွက်လာနိုင်ဖို့ ဦးတည်လုပ်ဆောင်နေပါတယ်။

အဓိကအနေနဲ့ အောက်ပါလုပ်ငန်းအစီအစဉ် (၄) ရပ်ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။

(၁)အမျိုးသမီးများ၏ နိုင်ငံရေးဆိုင်ရာခေါင်းဆောင်မှု

(၂)ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကျား၊မတန်းတူညီမျှမှု

(၃)အမျိုးသမီးများ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာရင်ဆိုင်တုံ့ပြန်နိုင်စွမ်း

(၄)ဒေသခံအမျိုးသမီးများ၏ လူမှုစီးပွားရေးလုပ်ငန်းများ

ရောင်ခြည်သစ်အဖွဲ့အနေနဲ့ အဖွဲ့ရဲ့မျှော်မှန်းချက်အတိုင်း နိုင်ငံ‌တော်မှ လုပ်ဆောင်နေတဲ့ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုဖြစ်ထွန်းလာစေရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ စီမံကိန်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရောင်ခြည်သစ်ရဲ့ မိတ်ဆွေများအားလုံးကိုလည်း ဆက်လက်ပြီးတော့ အတူတကွ လုပ်ဆောင်သွားကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ရောင်ခြည်သစ်ရဲ့ဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်တာခရီးမှာ အတူတကွကြိုးစားခဲ့ကြတဲ့ဝန်ထမ်းတွေ၊ ငွေကြေးနဲ့ နည်းပညာအားဖြင့်ကူညီပေးခဲ့ကြသူများ၊ နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်လျက်….

ရောင်ခြည်သစ်အဖွဲ့သူ/သားများ


Related News